Tuesday, 31 August 2010

ပြောက် ကျားတပ်သား (၂)








10 November 2008
အပင်စိုက်ခွင့် မတောင်းဘဲ ရရာ အများပိုင် မြေကွက် အလွတ်တွေမှာ ကိုယ်လို့ ဥယဉ်မှုး ပြောက်ကျား တပ်သားတွေ ညဘက်တွေမှာ သစ်ပင်တွေ ခိုးစိုက်နေကြတာ ကိုလည်း ရုပ်မြင်သံကြား သတင်းတွေ့မှာ သွားတွေ့ လိုက်တော့ တော်တော်လေး အားတက် သွားပါတယ်။ ပိုဒီယမ်အမိုးကြီးကို တက်ရောက်ဖို့က လူနေအိမ်ခန်းတွေ အတွက် တတ်ဆင်ပေးထားတဲ့ လှေခါး၊ ဓါတ်လှေခါးကို သုံးမှ ရမှာမို့ အိမ်နီးခြင်း မဟုတ်တဲ့ တခြား တပ်သားတွေကို စည်းရုံးလို့ လုံးဝမဖြစ်ပါ။ ပြီး အမိုးကြီးကို ဘယ်သူ ပိုင်သလဲလည်း မသိရ။ အိမ်ရှင် ကုမ္ပဏီက ပိုင်သလား၊ အမိုးကြီးအောက်က ရုံးတွေပိုင်သလား၊ အန္ဒိယ စားသောက်ဆိုင်က ပိုင်သလား ဆိုတာ လုံးဝမသိ။ ပန်းခြံကြီးဖြစ်လာပြီးမှ ဒီမှာ စိုက်ခွင့်မရဘူးလို့ လာပြောကြမလားမသိ။ အိမ်ရှင် ကုမ္ပဏီက ကြိုက်မည်မကြိုက်မည်လည်း မသိ။ သေချာတာကတော့ ဒီမိုးပျံတိုက်ကြီးမှာ ဘယ်သူမျှ ဒီအမိုးကြီးကို စိတ်မဝင်စားခဲ့ပါ။ ဒီအမိုးကြီးဟာ အလဟသဖြစ်နေတာ အနှစ် ၅၀ လောက်ရှိနေပြီ။ ဒေါ်ဖြူ အမိုးကြီးပေါ်မှာ စာဖတ်ခဲ့တာ တော်တော် ကြာခဲ့ပြီ။ ဘယ်သူမျှ ဒီအမိုးကြီးကို သုံးတာမရှိ၊ လန်ဒန်မြို့လယ်မှာ ငှက်တွေ ပျားတွေ အသက်ရှင်ဖို့ အတွက် နောက်ထပ် ပန်းခြံတခု ဖန်တီးပေးတာ၊ မြို့ကလေးငယ်တွေအတွက် တောရိုင်းပန်းများစိုက်ပေး ပညာပေးတာကို မြေကျူးကျော်နင်းမှုနဲ့ တရားစွဲရင်လည်း စွဲပါစေ။  အများက ပန်းခြံကို သဘောကျမှာဘဲလို့ ထင်ပေမဲ့၊ ကိုယ်မဆိုရရင် ပတ်မကြီးဖောက်လေ့ရှိတဲ့  လူတကာ ဒုက္ခပေးသူ သုံးလေးယောက် ရှိလို့ စိတ်ပူရတယ်။ ဒါပေမဲ့ သူတို့ အခုအထိကတော့ ငြိမ်နေသေးတော့ နဲနဲတော်သေးတယ်။  ဒါပေမဲ့လည်း သူများပစ္စည်း အချောင် အမြဲလိုခြင်သူဖြစ်သူ ဒေါ်ဟူဗာ လို့ နံမည်ပေးသင့်တဲ့ ယောင်္ကျားရှာလိုလို အမျိုးသမီးကတော့ ပြဿနာ စတက်ခြင်နေတယ်။ တွေ့ရာနေရာမှာ ဒေါ်ဖြူ အိမ်ရှင်ကုမ္ပဏီထံမှ ပန်းခြံစိုက်ခွင့် ရသလားလို့ အမြဲမေးလို့ မနည်းစကား လွှဲပြီး လှည့်ပြောရတယ်။ သူက သီးပျစ်ပင်တွေကို သူ့ကို ပေးရန် မိုက်ကြေးခွဲပြီး တောင်းပြန်သေးတယ်။ ဒေါ်ဖြူက မပေးဘဲ ပေပြီးနေခဲ့တယ်။ သူ့ကို ပန်းခြံမှာ လာပြီး အပန်းဖြေ အနားယူပါလို့ သိပ်စိတ်မပါဘဲ ဖိတ်ခေါ်ခဲ့တယ်။ အမှန်ပြောရရင်တော့ သူနဲ့ဝေးဝေး နေခြင်ပါတယ်။ နေ့စဉ် သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေခွင့်မပေးရင် လာပြီး အပင်တွေကောက်ယူရောင်းစားဖို့ လောဘမျက်လုံးများနဲ့ အမြဲကြည့်နေပုံက ထင်ရှားလှတယ်။ တိုက်ထဲမှာ သူများလွှင့်ပစ် တခြားသူတွေကို ပေးလျှူသမျှကို တဦးတဲမူပိုင် အမှိုက်စုပ် ဟူဗာစက်ကြီးလို အကုန်စုပ်ယူသူတဦးဖြစ်တယ်။ ဧည့်သည်တွေ ဧည့်ကြိုခန်းမှာ ဘိုင်စကယ် ခဏထားခဲ့တာတောင် လွှတ်ပစ်တာပါဆိုပြီး ဘုန်းခဲ့သူလည်းဖြစ်တယ်။

ဒီဇင်ဘာလ အထိကတော့ ကလေးငယ်နှစ်ယောက် အားတက်တရော လာအကူအညီပေးကြပါတယ်။ ဒေါ်ဖြူ ကလေးတွေအတွက် မုံ့များ လဖက်ရည်များယူလာပေးတော့ ကလေးတွေကလည်း သဘောကျပါ့။

ဒီဇင်ဘာလ ၁၃ရက်နေ့မှာ  ဥယာဉ်မှုး ပြောက်ကျားတပ်သား ဒေါ်ဖြူ မိခင် ၉  ရက်နေ့က ဆုံးကြောင်း သိလိုက်ရပါတယ်။ နေ့စဉ် အပင်များ၊ မြေဆွေးများ၊ အိုးကြီးများ သွားဝယ်လိုက်၊ လှေကားမှ မြေဆွေး အထုတ်ကြီးများ သယ်ယူချလိုက်၊ စိုက်လိုက် ရေလောင်းလိုက် အမှိုက်လှဲုလိုက် နှင့် ဆုံးသွားသောမိခင်ကြီရဲ့ မျက်နှာကို မြင်ယောင် တမ်းတနေခဲ့ပါတယ်။ 






10 November 2008
ခရစ်စမတ် အလုပ်ပိတ်ရက်နီးလာသည့် အခါမျှ ရာသီဥတု အနည်းငယ် အေးလာပါတယ်။ သို့သော်လည်း နှင်းဆီးပန်းများက ဖူးပွင့်ကြတုန်းပါ။  ချုယ်လ်ဆီးဥယျဉ်မှုးများဆိုင် (Chelsea's Gardener) မှ ဝယ်လာခဲ့တဲ့ ပွင့်နေကြတဲ့ နန်းလုံးကြိုင်ပန်းများ (mimosa) တပင်လုံး ဝါထိန်နေအောင် ပွင့်နေကြပါတယ် ။ ဆောင်းတိမ် လိပ်တိမ်မဲကြီးများကြောင့် နေ့စဉ်နီးပါး မှုံမှိုင်းနေတဲ့ ဒီဇင်ဘာလမှာ ပွင့်ဖူးတဲ့အတွက်ကြောင့် ဒေါ်ဖြူ နန်းလုံးကြိုင် ပန်းရော အမြဲစိမ်းတဲ့အရွက်ကိုပါ အလွန် နှစ်သက်လှပါတယ်။ မြန်မာပြည်က ကင်းပွန်းပင်၊ ဆူးပုတ်ပင်များနဲ့ ဆင်လို့ သဘောကြပါ့။ မြန်မာပြည်မှာ တုန်းက နန်းလုံးကြိုင် ဆိုတာ ကြားဘဲကြားဖူးပါတယ်။ ရန်ကုန်သူဆိုတော့ အထက်ပိုင်းမှာ ပေါက်တဲ့ သစ်ပင်ပန်းပင်တွေကို ဘယ်သိမလည်း။ လန်ဒန်တက္ကသိုလ်စာကြည့်တိုက်တခုမှာရှိတဲ့ မြန်မာနိုင်ငံ ဆေးဖက်ဝင် အပင်များစာအုပ်ကိုငှားပြီး ကိုယ်ဝယ်ထားတဲ့အပင်ရဲ့ အမည်ကို ကြည့်တဲ့အခါ နန်းလုံးကြိုင်လို့ သိလိုက်ရတယ်။ နွယ်သာကီပင်ကိုလည်း (oleander) မြန်မာပြည်မှာ မမြင်ခဲ့ပါဘူး။ ဒီပိုဒီယမ် ပန်းခြံကြီးစစိုက်တော့မှ မြန်မာအမည်ကို သိရတော့တယ်။ 


ခွာညိုပန်းအမျိုး (clematis) ၂၀ လောက်ကို ဒေါ်ဖြူဝရန်တာမှာ စိုက်ခဲ့တာ အနှစ် ၂၀ ခန့်ရှိပါပြီ။ ဒါပေမဲ့ မြန်မာပြည်မှာ တခါမျှ မမြင်ခဲ့ဘူးပါ။ စာတွေ၊ ကဗျာတွေမှာတော့ ဒီပန်းအမည် မကြာခဏတွေ့ခဲ့ရပြီ တောပန်းလို့ဘဲ ထင်ခဲ့ပါတယ်။ အခုပိုဒီယမ်ကြီးမှာ အမျိုး ရာကျော်အောင် စိုက်ဖို့ စီမံကိန်းချထားပါတယ်။ နယ်ပင်ဖြစ်ပြီး အများစုက ဆောင်းတွင် ရွက်တြွေကျတဲ့အတွက် ခြောက်သွေ့ ပိန်လှီ သေနေသည့်ပုံစံရှိလို့ ကြည့်မကောင်းတဲ့အတွက် အမြဲစိမ်းပင်များကြား ညှပ်စိုက်ရပါတယ်။  နှင်းကျတဲ နိုဝင်ဘာ မှ ဖေဖော်ဝါရီအထိ ပွင့်တဲ့ ခွာညိုမျိုး၊ ဖေဖော်ဝါရီမှ မတ်လအထိပွင့်တဲ့ ခွာညိုမျိုး၊ နွေ  ဦးပွင့်တဲ့ခွာညို၊ နွေလယ်ပွင့်တဲ့ ခွာညို၊ နွေ နှောင်းပွင့်တဲ့ခွာညို နဲ့ ဆောင်းဦးပွင့်တဲ့ ခွာညိုအားလုံးစိုက်ရမယ်။ ဒါမှ ၁၂ ရာသီလုံး ပန်းခြံကြီးမှာ ပန်းမပြတ်မှာပါ။

စာအုပ်စင်မှာ ကမ္ဘာအရပ်ရပ်က သစ်ပင် ပန်းပင် ဆေးရောင်စုံ ရုပ်စုံ စာအုပ် ၁၀၀ လောက်ကို အမြဲဖတ်လိုက်၊အင်တာနက်မှာ ရှာလိုက်၊ အော်ဒါမှာလိုက်နဲ့လည်း တော်တော် အလုပ်ရှုပ်ရတယ်။ သာမန်ပန်းပင် သစ်ပင်တွေကို ဆိုင်တွေမှာ ဝယ်နှိင်သော်လည်း ရှားပါတဲ့ အပူပိုင်း အပင်တွေကိုတော့ အင်တာနက်ဘဲ အားကိုးရတော့တယ်။ မီးဖိုချောင်မှာ တရုပ်တန်းက ဝယ်တဲ့ မန်ကျဉ်းထုတ်ထဲက အစေ့နဲ့စိုက်ထားတဲ့ မန်ကျဉ်းပင်ကြီးက မျက်နှာကျက်တောင်ထိနေပြီး၊ မြန်မာ တထပ်ပွင့်စပါယ်ပင်ကိုတော့ ပန်ခြံကြီးမှာဘဲ ပြောင်းစိုက်ထားလိုက်တယ်။ ၂၀၀၉ ခုနှစ် ၂၀၁၀ ခုနှစ်မှာ ရေခဲခေတ် ခေတ္တ အင်င်္ဂလန်မှာ ကျရောက်ခဲ့တာတောင် မသေဘဲ။ ၂၀၁၀ သြဂုတ်လ ၂၉ ရက်နေ့မှာ စပါယ်တပွင့်တောင် ပွင့်ခဲ့ပါ့။

၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ပန်းသီးပင်များ ဝယ်ပြီးစိုက်ခဲ့ရာ ကိုင်းတခုက ဘယ်မျက်လုံးကို ထိုးမိခဲ့ရာ နှစ်ရက်ခန့်အကြာတွင် အနာဝင်ပြီး မျက်စိနှစ်ဘက်စလုံး ရောင်ကိုင်း မျက်ရည်တွင်တွင် ကျလာသဖြင့် အရေးပေါ်မှာ သွားကုသရပါတယ်။ တလလောက်အထိ မျက်စေ့ဆေးထဲ့ရပြီး နှစ်ပတ်လောက် မျက်စိအလွန်နာ ကောင်းကောင်း မမြင်ခဲ့ရပါ။ နှစ်သစ်ကို မျက်စိနာနှင့်သာ ကူးခဲ့ရပါတော့တယ်။ ဘယ်သူမှလည်း ကိုယ်ကို ပန်းပင်းမစိုက်ရလို့ မြေမကျူးကျော်ရလို့ လာမတားသေး၊ ပြီး မှောင်မဲတဲ့ ဇန္နဝါရီလကြီးမှာ ပန်းခြံကြီးမှာ စိမ်းစိမ်းလန်းလန်းရှိနေမှာကိုတော့ မျက်စိကောင်းစွာမမြင်ပေမဲ့လည်း သိနေရလို့ နှစ်သစ်မှာ ဒေါ်ဖြူတယောက် တော်တော်လေး ပျော်နေခဲ့ပါတယ်။

 နိုဝင်ဘာလ လောက်ကစပြီး ရေ နေ့စဉ် လောင်းစရာ မလိုခဲ့ပါ။ မိုးက မှန်မှရွာပြီ၊ အေးတဲ့အချိန်မှာ တစ်ပတ် တခါနှစ်ခါသာ လောင်းရပါတယ်။ မိုးရေကို အမှိုက်ပုံးကြီးများနှင့် မြောက်ဘက်ရှိ အဆောက်အဦ အမိုးစွန်များအောက် တွင်ခံရပါတယ်။ သို့သော် နွေရာသီမှာ မိုးခေါင်လျှင် ဘာလုပ်ရမည် မသိပါ။

၂၀၀၈ခုနှစ် ဇန္နဝါရီလလည် လောက်မှာ  ၃ နာရီခွဲလောက်ဆို နေဝင်မှာမို့၊ ပန်းခြံထဲကို ညနေ ၂နာ ရီလောက်မှာ ဆင်းသွားတယ်။ အထွက်ပေါက်ဖွင့်လိုက်သည့် အခါ မြေခွေးနီတစ်ကောင်ကို အမိုးပေါ်မှာ တွေ့လိုက်ရပါတယ်။ ဒေါ်ဖြူကို တွေ့တော့ လန့်ပြီး မြေခွေး အမိုးကြီးပေါ်မှာ ဝေ့လည် ပတ်ပြေးတော့တာဘဲ။ ဒေါ်ဖြူလည်း မြေခွေးကို ရုတ်တရက်ကြည့်ပြီး အိမ်ပေါ်ပြန်ပြေးတက်ပြီး တရိစ္တာန် ထိန်းသိမ်းစောင့်ရှောက် ကယ်ဆယ်ရေး အဖွဲ့ကို ဖုံဆက် ခေါ်ပါတော့တယ်။ ဘယ်သူများ ပေါက်ပေါက်ရှာရှာ မြေခွေးကို ဘယ်ကဖမ်းပြီး ဒီလိုလင်းနေတဲ့အချိန်မှာ၊ အမိုးပေါ်တင်သလည်း မသိဟု တွေးမိပါတယ်။

ထပ်မံရေးသားပါမည်။