Sunday, 29 August 2010

ပြောက် ကျား တပ်သား (၁)

November 2007
လန်ဒန်မြို့လယ်က ဒေါ်ငွေပန်းဖြူနေတဲ့ မိုးပျံတိုက်ကြီးဘေးမှာ ပိုဒီယမ်လို့ခေါ်တဲ့ အမိုးပြင်ကြီး တခုရှိပါတယ်။ အဲဒီ အမိုးအောက်မှာ ရုံး ၁၀ ရုံးခန့် ၊ ဒိုဘီဆိုင်တခု၊ အန္ဒိယမိသားစုပိုင် သတင်းစာဆိုင်တခု၊ အန္ဒိယစားသောက်ဆိုင်တခု နဲ့ အနုပညာပြတိုက်တခု ရှိနေပါတယ်။


အနောက် ဆိုဟိုမှာ ဒေါ်ဖြူ နေလာသည်မှာ ၁၇ ကျော်ခဲ့ပါပြီ။  သို့သော်လည်း ၂၀၀၂ မတိုင်မှီက  ထိုအမိုးကြီးအပေါ်သို့ သုံးခါလောက်ဘဲ တက်ခဲ့ပါတယ်။

ဒေါ်ဖြူနေတဲ့ ၇ ထပ်မှ ဓတ်လှေခါးဖြင့် ၃ ထပ်ကို ဆင်းရပါတယ်။ ပြီး အနောက်ဖက် လှေခါးမှာ လှေခါး နှစ်ခုကို ပတ်ဆင်းပြီးမှ ထိုအမိုးပေါ်သို့ ရောက်ရှိနိုင်ပါတယ်။


November 2007
၁၉၉၉  ခုနှစ်မှာ ဒေါ်ဖြူနေတဲ့ မိုးပျံအဆောက်အဦကြီးရဲ့ ပြုတင်းများ၊ ဝရန်တာများကို တာဝန်ရှိသူများက ပြင်ကြတယ်။ ထိုအချိန်မှာ အိမ်ငှားများရဲ့ ဝရန်တာမှ ပန်းအိုးများကို ထို အမိုးကြီးမှာ ခဏသွားထားစေတဲ့ အတွက် ထိုအမိုးကြီးကို နေထိုင်သူများ အသုံးပြုနိုင်ကြောင်း သိခဲ့ရပါတယ်။ သို့သော်လည်း ဒေါ်ဖြူ ၂၀၀၂ ခုနှစ် အထိ ထိုအမိုးကြီးသို့ ထပ်မသွားဖြစ်ခဲ့ပါ။




၂၀၀၂ ခုနှစ် နိုင်ဝင်ဘာလမှာ ဒေါ်ဖြူ ဘယ်ခြေထောက် ရုတ်တရက် မစွမ်းမသန် ဖြစ်ခဲ့ရပါတယ်။ အလုပ်ကလည်း ပါးနေတဲ့ အချိန်ဖြစ်လို့ လမ်းပြန်လျှောက်နိုင်ရန်အတွက် အိမ်ခန်းအတွင်းတွင် ခြေလေ့ကျင့်ခန်း ပထမ စလုပ်ရပါတယ်။ နည်းနည်း ခြေသန်လာသည့်အခါမှ၊ ဘုရင်မကြီးရဲ့ ရီးဂျင့်ပန်းခြံကြီးမှာ လမ်းလျှောက်ရပါတယ်။ သို့သော် တယောက်ထဲ လမ်းဖြတ်ကူးရာမှာ အန္တရယ်များတဲ့အတွက်၊ အနောက်လှေခါးကို ခက်ခက်ခဲခဲ တွယ်ဖက်ဆင်းပြီး အမိုးကြီးပေါ်မှာ ခြေပြန်သန်အောင် လေ့ကျင့်ခန်းလုပ်ရပါတယ်။ ဥဏှောက်ကိုလည်း ရှေ့လျှောက်ခြင်း နောက်လျှောက်ခြင်း၊ ဘေးတိုက်လျှောက်ခြင်းများကို ပြန်သင်ပေးနေရပါတယ်။ 
November 2007

ခြေပြန်သန်လာသောအခါ နေသာသည့်အခါတိုင်း အလုပ်မရှိသည့်နေ့တိုင်း ဒေါ်ဖြူ ထိုအမိုးပေါ်တွင် ပက်လက်ထိုင်တခုဖြင့် စာဖတ်လေ့ရှိပါတယ်။ အမိုးကြီးသို့ မည်သူမျှဆင်းလာသည်ကို တခါမျှ မတွေ့ခဲ့ရပါ။


ဒီလိုနဲ့ ၂၀၀၇ ခုနှစ် ဇူလိုင်လထဲရောက်လာခဲ့ပါတယ်။ ထိုအချိန်မှာ အင်္ဂလန် ဒေသအသီးသီးတွင် မိုးများသည့်အတွက် မြို့ အတော်များများ ရေကြီးဒဏ်ခံ စားနေရှာပါတယ်။

လန်ဒန်မှာလည်း နေ့စဉ်နီးပါး မိုးရွာနေသဖြင့် ဒေါ်ဖြူ အမိုးကြီးပေါ်မှာ စာမဖတ်နိုင်ပါ။ ပျံကျအလုပ်များကလည်း နားထားသဖြင့် ဒေါ်ငွေပန်းဖြူမှာ အခန်းထဲနေ့စဉ်အောင်းပြီး တီဗွီသတင်းများကိုသာ တွင်တွင်ကြည့်နေရပါတယ်။

ပြီး ရေဒီယိုနားထောင်လိုက်၊ ထမင်းဆာလျှင် သီချင်းစီဒီ တခုပြီးတခုဖွင့်ပြီး ထမင်းချက်စားလိုက်၊ ပန်းကန်ဆေးလိုက်၊ အိမ်ရှင်းလိုက်၊ စာဖတ်လိုက်၊ ကွန်ပြူတာဖွင့် အင်တာနက်ပေါ် ရှာဖွေဖတ်ရှုလိုက်၊  ရေဒီယိုနားထောင်လိုက်၊ ဒေတာဘေ့စ်တွင် ကိုယ်စုဆောင်းခြင်းရာ ရှာဖွေစုဆောင်းလိုက်နှင့် တယောက်ထဲ ဗလချာလိုက်နေပါတယ်။
November 2007

တနေ့ မိုးပါးသွားတဲ့အတွက် အမိုးပေါ်သွားကြည့်မိပါတယ်။ အမိုးအောက်ရှိ ထမင်းဆိုင်နှင့် ရုံးများကို ပေးသည့်ရေများ သိုလှောင်တဲ့ ရေလှောင်ကန်နှစ်ခုထားရာ အုတ်တိုက်သေးသေး နှစ်လုံး ရှိနေပါတယ်။ ထိုရေလှောင်ကန်အုတ်တိုက်နှစ်လုံး၏ အမိုးပြန့်များ၏ အနားစွန်များတွင် အုပ်ဖြင့် ဝိုင်းစီကွတ်ထားပါတယ်။ အနောက်ဖက် အုတ်တိုက်အမိုးမှာ ရေကျပေါက်ပိတ်နေသဖြင့် ရေကန်ဖြစ်နေသည်ကို တွေ့လိုက်ရပါတယ်။ ဒေါ်ဖြူ အလွန်ဝမ်းသာသွားပါတယ်။

နောက်တနေ့ ဒေါ်ဖြူ ဝရန်တာမှာ မိုးရေကြိုက် ပန်းပင်အချို့ကို အမိုးကြီးရှိရာသို့ သယ်ချလာပါတယ်။ ထုံးဓတ်များတဲ့ ရေပိုက်မှ ရေကို မကြိုက်တဲ့ ပန်းပင်များအတွက် နည်းအမျိုးမျိုးနဲ့ ဝရန်တာမှာ၊ နှစ်ပေါင်း ၁၄ နှစ်ကျော် ဒေါ်ဖြူ မိုးရေကို ခံယူဖို့ကြိုးစားခဲ့ရတယ်။ ဝရန်တာက မိုးလုံဆောက်ထားတော့ အလုပ်သိပ်မဖြစ်ခဲ့ပါ။  နွယ်သာကီပန်းပင်များ၊ နန်းလုံးကြိုင်ပန်းပင်များ၊ လဖက်ပင်တပင်နှင့် လဖက်မျိုးဝင် ကမဲလီးယားပန်းပင်များ အတွက၊် ဒေါ်ဖြူဝရန်တာမှာ အရွယ်မလွန်ခင် ခေါင်းချရာ နေရာဖြစ်ခဲ့ရပါတယ်။

လန်ဒန်မြို့လယ်ရှိရာ အော့စဖို့လမ်း၊ ရီးဂျင့်လမ်း၊ တရုတ်တန်းများ အနီးအနားတဝိုက်မှာ လူများ ပန်းခြံစိုက်ရန် မြေလွတ်လုံးဝမရှိ၊ ဒီလောက်ကြီးမားတဲ့ အမိုးကြီးလိုနေရာ ဝယ်လိုလျှင်လည်း သန်းပေါင်းထောင်နှင့်ချီပေးရမှာဘဲ။ ဒေါ်ဖြူမှာလည်း အိမ်လည်း မဝယ်နိုင်၊ ခြံလည်းမဝယ်နိုင်သူတဦးပါ။ စားနိုင်သောက်နိုင်ရုံရှိပြီး အိမ်လခမှန်မှန်ပေးနိုင်ရုံပါ။ သစ်ပင် နှင့် ကျေးငှက်သတ္တဝါများ အလွန်ချစ်သူဖြစ်ပါတယ်။

ပန်းပင်ကျူးကျော်စိုက်သူ ပျောက်ကြားတပ်သား ဥယဉ်မှုးတဦးအနေဖြင့်၊ ဒီအမိုးကြီးကို အများပိုင်ပန်းခြံအသွင်အဖြစ် ပြောင်းရန် ဒေါ်ဖြူ စဉ်းစားမိပါတယ်။ ဒေါ်ဖြူ အိမ်နီးချင်းအချို့မှာလည်း အလွန်ဆင်းရဲကြပါတယ်။ ကိုယ်ဝရန်တာမှာတောင် ပန်းပင်ဝယ်စိုက်ရန် မတတ်နိုင်သူများကြပါတယ်။ တီဗွီလိုင်စင် မတတ်နို်င်လို့ တီဗွီမရှိသူတွေ တပုံကြီး၊ တီဗွီလိုင်စင်ကို အသက် ၇၅ နှစ်ပြည့်မှသာ အခမဲ့ရရှိကြပါတယ်။ တချို့မှာ ငွေမရှိလို့ အိမ်ထဲမှာဘဲ ကုတ်နေကြရတယ်။ တချို့မှာ အရက်သမား၊ တချို့မှာ ဆေးခြောက်သမား၊ အစိုးရအထောက်အပံ့ကို တသက်လုံးယူနေတူတွေလည်းရှိပါ့။ တချို့ကတော့ တကယ်ဘဲမစွမ်းမသန်သူတွေ၊ ရောဂါကြီးကြီးမားရှိသူ၊ အိုမင်းမစွမ်းရှိသူ၊ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့တဲ့သူတွေရှိကြတယ်။ ဆိုးတဲ့သူလည်း ရှိပါတယ်။ အသားအရောင်ရှိသူများကို အလွန်မုန်း ဒုက္ခအမြဲပေးသူ၊ မိန်းမများကို မုန်းတီးဆဲရေးလေ့ရှိသူ၊ စကားများ စပ်စု အတင်းအဖြင်း မဟုတ်တာ ပြောတတ်သူ၊ မူးယစ်ဆေးဝါးသုံးစွဲသူ အစုံရှိပါတယ်။

ချမ်းသာသူကလည်း ချမ်းသာပါ့။ မြို့လယ်က အိမ်ခန်းဖြစ်တော့ ရင်းနှီးမြုပ်နှုံဖို့အတွက် အိမ်ဝယ်တဲ့သူတွေလည်း အတော်များများရှိပါတယ်။ ဆင်းရဲတဲ့အိမ်ငှားထံမှ အိမ်ခန်းကို ဝယ်ခွင့်မရှိဘဲ နည်းမျိုးစုံနဲ့ ညစ်ပြီး အခြောင်ဝယ်တဲ့သူတွေ လည်းရှိခဲ့တယ်။ အိမ်ခန်းဝယ်လို့ရလို့ ပြောင်းလာတာ ဘာမှာမကြာလိုက်ပါဘူး။ နှမ်းချက်နဲ့ နှမ်းထွက် မကိုက်တာ တွေ့ရတော့တယ်။   အရက်မူးတညလုံး ရမ်းတဲ့ ဝမ်းမနိုင် ဆီးမနိုင်သူတဦး နဲ့ တထပ်ထဲမှာ အတူနေရတော့ ကိုယ်အိမ်ထဲ ကိုယ်နေတာတောင် အမွှေးဆီးမီးထွန်းမှ အသက်ရှုနိုင်တော့တယ်။

ချမ်းသာသူတို့အတွက်က အများပိုင် ပန်းခြံ အလကား စိုက်ပေးစရာ လိုမည် မထင်ခဲ့ပါ။ ထိုသူတချို့က သူတို့မှာ ခြံမြေပါတဲ့ အိမ်ဘယ်နှစ်လုံး နယ်မှာရှိကြောင်း ပြောပြဘူးပါတယ်။ သို့သော်လည်း သူတို့လည်း ဒေါ်ဖြူရဲ့ ပန်းခြံကို ကြိုက်မှာပါ။ သူတို့အိမ်ဇျေးတွေလည်း ပန်းခြံကြောင့် တက်လာမှာကိုး။ ဒေါ်ဖြူကတော့ ဆင်းရဲတဲ့သူတွေအတွက်၊ ကိုယ်သစ်ပင်စိုက်ခြင်း ဝါသနာပါတဲ့အတွက်၊ ငှက်များ၊ ပျားများ၊ ပိတုန်းများ၊ လိပ်ပြာများ၊ ပိုးမွှားများအတွက် ဒီခြံကြီးကို မိမိ ရသမျှလုပ်ခဖြင့် စတင် အကောင်အထည် ဖန်တီးဖို့ ကြံစည်ခဲ့ပါတယ်။

10 November 2007
ဒေါ်ဖြူကတော့ ကံကောင်းပါတယ်။ ဒေါ်ဖြူအထပ်မှာ နေသူများ ဒေါ်ဖြူကို လုံးဝ ဒုက္ခမပေးကြပါ။ တဦးနှင့်တဦး တွေ့ရင်လည်း ဖော်ဖော်ရွေရွေ စကားစမည် ပြောကြပါတယ်။ ပြသနာဖြစ်လာအောင်အထိ ထွေးထွေးလုံးလုံးနေခြင်သူများလည်း မဟုတ်ပါ။ ဒေါ်ဖြူလိုဘဲ မိမိဘာသာ အေးအေးဆေးဆေး နေတတ်သူ တွေပါ။ ကူညီစရာရှိလျှင်ကူညီကြပါတယ်။ ပြီး ဆုလဒ်ကို မျှော်တတ်သူတွေမဟုတ်ပါ။ ဆင်းရဲတဲ့ အိမ်နီးချင်းတဦးကတော့ အမြဲ ရေချိုးသန့်စင်မှုမရှိလို့ သူနဲ့အတူ ဓါတ်လှေခါး အတူမစီးလိုတဲ့အတွက် ကိုယ်ကအရင် အားနာနာနဲ့ တောင်းပန်ရပါတယ်။ ဒေါ်ဖြူကတော့ ထိုသူအတွက် ဆပ်ပြာ၊ ပိုးသတ်ရည်၊ ခေါင်လျှော်ရေများ မကြာခဏပေးပါတယ်။ ထိုသူမှာ အလွန်ဆင်းရဲပြီး အရက်ကလည်း စွဲနေတော့ ဒီကိုယ်လက်သန့်ရှင်းရေး ပစ္စည်းတွေကို အရက်ဖိုးအတွက် ပြန်မရောင်းနိုင်အောင် ဘူးပေါ်မှ စာရွက်များကို ဆုတ်ပြီးမှ ပေးရပါတယ်။

ဒီတိုက်ကြီး အပြင်ကို ထွက်လိုက်တာနဲ့ တပြိုင်နက် လမ်းပေါ်မှာ မြို့လယ်မှာ အလည်လာသူ အလုပ်လာလုပ်ကြသူများစွာမှာ ဝတ်ကောင်းစားလှဖြင့် ကြော့ကြော့မော့မော့ စမတ်ကျကျ သွားနေကြတာ နေ့ရောညပါ တွေ့ရမှာပါ။ ဒီတော့ ဆင်းရဲတဲ့သူတချို့ ဟာ နတ်ပြည်အလယ်က ကိုယ့်အခန်းထဲမှာဘဲ တသက်တကျွန်းကျပြီး ကိုယ်ဘာသာကိုယ် တိုက်ပိတ်ခံ နေကြရတယ်။

ဒီတော့ ဒေါ်ဖြူက ကိုယ့်အတွက်ပါ ဒီဆင်းရဲမွဲတေနေတဲ့သူတွေ အတွက်ပါ အများပြည်သူပိုင်ပန်းခြံတခုဖန်းတီးပေးဘို့၊ ဒီအမိုးကြီးပေါ်မှာ ၂၀၀ရခုနှစ် ဇူလိုင်လကုန်မှာ စတင် ပြီး ပန်းပင်အနည်းငယ် တင်ပေးခဲ့ပါတယ်။ မိုးရေကို ခံရန်အတွက် အမှိုက်ပုံးအနက်ကြီးများကို စတင်ဝယ်ခဲ့ပါတယ်။

လန်ဒန်မြို့စွန်က ဟောင်းစလိုးတို့ မစ်ဒလ်ဆက်တို့လို နေရာတွေမှာ အလုပ်သွားလုပ်လျှင် ထိုနေရာတွေမှာရှိတဲ့ ဇျေးပေါပေါရောင်းတဲ့ ပန်းပင်သစ်ပင်ရောင်းသည့် ဆိုင်များမှ ပန်းပင်သစ်ပင်များကို ဘိန်းတပ် ထရော်လီတခုနဲ့ သယ်ပြီး မြေအောက်ရထား၊ ဘတ်စကားများဖြင့် သယ်ယူခဲ့ပါတယ်။ ထိုနေ့များမှာ ထိုအခါက အလုပ်ရှင်များက ခရီးစရိတ်ပေး သဖြင့် ထို အခမဲ့ တနေ့စာ ခရီးသွားလက်မှတ်ဖြင့် ဘုရားလည်းဖူး လိပ်ဥလည်းတူးနိုင်ခဲ့ပါတယ်။

ကိုယ်အိမ်ခန်းရောက်သောအခါ လူရှင်းချိန်စောင့်ပြီး အပင်များကို အသံမထွက်ဘဲ တိတ်တဆိတ် အမိုးပေါ်သို့ တယောက်တည်း မနိုင်မနင်း သယ်ချရပါတယ်။ ထိုသို့ပြုလုပ်သည်ကို ကလေးငယ်နှစ်ဦးကဘဲ သတိထားမိခဲ့ပါတယ်။ နှစ်လခန့်ကြာမှာ သူတို့ဆင်းလာပြီး စပ်စုမေးမြန်းကြပြီး မိုးရေစုဆောင်းရာ၊ အပင်များစိုက်ရာ၊ တံမျက်စီးလှဲရာများမှာ ကူညီပေးကြပါတယ်။

၂၀၀၇ခုနှစ်မှာ မိုးများသော်လည်း ဒီဇင်ဘာလဆန်းအထိ လန်ဒန်ရာသီဥတုမှာ နေသာတဲ့ ရက်များစွာရှိပြီး နွေထွေးမှုရှိနေခဲ့ပါတယ်။

နှင်းဆီပင် အတော်များများကို ဇူလိုင်လမှစပြီး စိုက်ခဲ့နိုင်ခဲ့ပြီး၊ သြဂုတ်လမှစပြီး ဒီဇင်ဘာလအထိ ပွင့်ကြပါတော့တယ်။ နိုင်ဝင်ဘာလမှ စပြီး၊ ပန်းသီးပင်၊ ဆီးသီးပင်၊ ချယ်ရီပင်၊ ဥရောပ သစ်တော်သီးပင်၊ မက်မွန်သီးပင်အမျိုးမျိုး၊ သီးပျစ်သီးပင်၊ဘယ်ရီသီးပင်အမျိုးမျိုးကို စတင်စိုက်ခဲ့ပါတယ်။  ဆောင်းတွင်းမှာ အရွက်မရှိတဲ့ ရွက်ကြွေပင်များဖြစ်တဲ့အတွက် အမြဲစိမ်းခြုံပင်များနဲ့အတူတွဲစို်က်ထားလိုက်ပါတယ်။ ဒီဇင်ဘာရောက်သော်လည်း အမြဲစိမ်းခြုံပင်များနဲ့ သစ်ပင်များကြောင့် တခြံလုံးမျာ စိမ်းလန်းနေပါတယ်။