ကုလားပဲကျော်
(ဘလော့ဂါရဲ သာမန် အိမ်ချက် အတွေ့အကြုံများသာဖြစ်ပါတယ်။ သိပ္ဗံနည်းကျ လေ့လာပြီး အချိန်အဆမှန်မှန်ချက်နည်း ရေးထားတာ မဟုတ်ပါ။) မြန်မာ မိန်းကလေးတဦးက အကူအညီတောင်းတဲ့အတွက် ကိုယ့်အတွေ့အကြုံကို အမြန် ပြောပြထားတာ ဖြစ်ပါတယ်။ အချိန်အဆကို သေချာစွာပြန်လေ့လာပြီးသည့်အခါ ပြန်ပြင်ပေးပါ့မယ်။ အခုပေးထားတာကတော့ အချက်အပြုတ် တတ်ပြီးသားသူများအတွက် မြန်မြန်တင် ပေးထားတာပါ။)
ဒေသအသီးသီးတွင် စိုက်သော ပဲအမျိုးမျိုး။
၁။ မြန်မာပြည်စိုက်ပဲ ... ဟင်းချက်ဖို့ရော။ ကျော်ဖို့အတွက်ပါ အကောင်းဆုံးဘဲ။
၂။ အန္ဒိယပြည်ကတင်ပို့သောပဲ ... မြန်မာပဲဖြစ်ဘို့များတယ်။
၃။ အာဖရိကမှ တင်ပို့လာတဲ့ပဲ ... ကျော်ရင် အလွန်မာတောင်တယ်။ လုံးဝမသုံးပါနဲ့။ သွားတောင် ကျိုးနိုင်ပါတယ်။ (ဒါလွန်ခဲ့တဲ့ ၁၀နှစ် အတွေ့အကြုံပါ။ အခု အာဖရိကပဲတွေ မြေသြဇာကြောင်း အမျိုးဗီဇပြင်ထားတာကြောင်း ကောင်းလျှင် တော့ ကောင်းခြင် ကောင်းနိုင်ပါတယ်။)
၎။ ဥရောပမှာ စိုက်တဲ့ပဲ ... မြန်မာပြည်ကပဲထက် ပိုပြီးပြုတ်ရင် မြန်မြန်ကျက်တယ်။ အရသာတော့ မြန်မာပြည်ကပဲက ပိုကောင်းပါတယ်။
ဆီ
နေကြာဆီဟာ အကောင်းဆုံးပါ။ အဓိကလိုအပ်တဲ့ အမှုံ့ (ဂျုံမှုံ့/ဆန်မှုံ့)တွေမှာ ပဲမှုံ့ ရောမထဲ့လျှင်၊ နေကြာဆီကို ပဲကျော်က စုတ်ယူတာ အလွန်နည်းပါတယ်။ ပဲမှုံ့သုံးလျှင် ပဲကျော် ဆီအလွန်စုတ်ပါတယ်။
ပါဝင်သောအဆာပလာ အချိန်အဆ
ပဲ သာမန်အရွယ်တထုတ်၊ အမှုံ့ ထမင်းစားဇွန်း ငါးဇွန်းခန့်၊ ရေအေး ကော်ဖီခွက် တလုံးခွဲခန့်၊ ဆား အနည်းငယ်။ (ရေကိုထဲ့သည့်အခါ သုံးသောအမှုံ့ကို လိုက်၍ သိပ်မပျစ် သိပ်မကျဲအောင် ချိန်ဆထဲ့ပါ။) ပထမဦးဆုံး ကျော်သော ပဲကျော်နှစ်ခုခန့် သုံးခုခန့်ကို မြီးပြီး၊ ဆား အချိန်အဆ ပြန်ပြင်နိုင်ပါတယ်။ ဆားသိပ်များသွားရင်တော့ အမှုံ့ပိုထဲ့ ရေပိုထဲ့ပြီး ကျော်ပါ။ ဆားငန်သော်လည်း၊ ဆားပေါ့သော မုံ့ရည်နှင့် စားလျှင် အဆင်ပြေပါတယ်။
ပဲရေစိမ်ပုံ
(က) ပဲကို တည အနည်းဆုံးစိမ်။ ပဲကို ရေအေးနဲ့ ဆေး၊ ပြီးတဲ့အခါ ဆားနဲ့ ဂျုံ၊ ဆန်၊ အမှုံ့တမျိုးမျိုးနှင့် ရေထဲ့ပါ။ အနည်းဆုံး ၅ မိနစ်လောက်ထားပြီးမှ ကျော်ပါ။
(ခ) (အမြန်နည်း) ပဲရေစိမ်ဘို့ မေ့ခဲ့ရင်၊ ပဲကို ၁၀ မိနစ် ၂၀ မိနစ်ခန့် ပြုတ်ပါ။ ပြီး ရေးအေးနဲ့ ဆေးပြီး၊ အထက်ပါနည်းအတိုင်း အဆာပလာတွေထဲ့ပါ။
ပဲကျော်ပုံ
လျှပ်စစ်မီးဖိုသုံးလျှင် သံမဏိအိုးပြားသုံးရင် ပိုအဆင်ပြေတယ်။ အိုးပြား တဝက်နီးပါး ဆီထဲ့ပါ။ ဆီကောင်းကောင်း ပူရမယ်။ ပဲပြား တဖက်ကျွတ်ရင် နောက်တဖက်ကို ပြန်လှန်ကျော်ရမယ်။ ပြီးရင် အိုးတလုံးအပေါ်မှာ တင်ထားတဲ့ ဇကာမှာ ပဲကျော်ရော ဆီပါလောင်း ချ ပြီး၊ အိုးထဲကဆီကို ပြန်ပြီး အိုးပြားထဲ့လောင်းထဲ့ပါ။ ပြီးမှ နောက်ထပ်ပဲတွေထဲ့ကျာ်ပါ။ တဖက်ကျွတ်အောင်စောင့်နေစဉ်မှာ ဇကာထဲကပဲကျော်ကို စက္ကူမှာဖြန့် အအေးခံပြီးမှ ဗူးထဲမှာ သိမ်းပါ။ ပဲများစွာကျော်လျှင် ဆီထပ်ထဲ့ပါ။
အမှုံ့အမျိုးမျိုးသုံးခြင်း။
၁။ ဂျုံမှုံ့၊ ဆား၊ ပဲ၊ ရေ..... ဒီပဲကျော်ကို အကြိုက်ဆုံးဘဲ။ အကျော်က အရောင်နီပြီးလှတယ်။ နောက်တနေ့ပဲကျော်ပျော့သွားတာမျိုး သိပ်မရှိလှဘူး။ ပျော့သွားရင် မိုက်ကရိုဝေ့ဖ်အထဲမှာ ၁မိနစ် လောက် အပူပေး ပြန်ကျော်တယ်။ ပြန်ထုတ်လိုက်ရင် ပျော့နေမယ်။ စိတ်မပူပါနဲ့။ ပဲကျော်ပျော့ကို စက္ကူရွက်ပေါ်မှာ ဖြန့်ပြီး အအေးခံလိုက်ရင် ပြန် ကျွတ်သွားတယ်။ မိုက်ကရိုဝေ့ဖ်ထဲမှ ကြာကြာ အပူပေးရင် တူးသွားမှာကို သတိထားပါ။
၂။ ဆန်မှုံ့၊ ဆား၊ ပဲ၊ ရေ ...... ဒီပဲကျော်လည်း မဆိုးပါဘူး။ သိပ်ပြီး နီရဲအောင် မကျော်ပါနဲ့။ ပဲကျော် အဝါရောင် သန်းရင် ဆယ်ပါ။
၃။ ဂျုံမှုံ့၊ ပဲမှုံ့၊ ဆား၊ ပဲ၊ ရေ ...... အရသာပိုရှိတယ်။ ဒါပေမဲ့ ပဲမှုံ့ကြောင့် ကျော်ပြီး ကြာကြာထားရင် ပျော့စေတယ်။ ဒါပေမဲ့လည်း မိုက်ကရိုဝေ့ဖ်မှာ ပြန်ကျွတ်အောင် လုပ်နိုင်ပါတယ်။ (ပဲမှုံ့သုံးလျှင် ဆီပိုကုန်ပြီး ပဲကျော်မှာ ဆီများတဲ့အတွက် ကျမ်းမာရေးအတွက် မကောင်းပါ။)
၎။ ဆန်မှုံ့၊ ပဲမှုံ့၊ ဆား၊ ပဲ၊ ရေ ... အထက်ပါအတိုင်းဘဲ။ (ပဲမှုံ့သုံးလျှင် ဆီပိုကုန်ပြီး ပဲကျော်မှာ ဆီများတဲ့အတွက် ကျမ်းမာရေးအတွက် မကောင်းပါ။)
၅။ ဆန်မှုံ့၊ ဂျုံမှုံ့။ ပဲမှုံ့၊ ဆား၊ ပဲ၊ ရေ ...... အမှုံ့ သုံးမျိုးလုံးသုံးတော့ အရသာကောင်းတယ်။ မြန်မာပြည်မှာ ဘူးသီးကျော်သယ်တချို့ ဒါကို သုံးတယ်လို့ ကြားဘူးတယ်။ (ပဲမှုံ့သုံးလျှင် ဆီပိုကုန်ပြီး ပဲကျော်မှာ ဆီများတဲ့အတွက် ကျမ်းမာရေးအတွက် မကောင်းပါ။)
ပဲကျော်ကြာရှည်ထားခြင်းနှင့် ပဲကျော်ပြော့များကို ပြန်ကျွတ်ရွအောင်လုပ်နည်း၊ ပဲကျော်မာစားနည်း။
ပဲကျော်ကို အေးမှ ဘူးထဲထည့် သိုလှောင်ပါ။
ပဲကျော် မာတောင်နေလျှင် ဟင်းရည်ပူပူထဲထဲ့လိုက်ပါက မာတောင်တာလျော့သွားပြီး စားလို့ရအောင် ပြန်ကျွတ်ရွလာတယ်။
ဆားများတဲ့ ပဲကျော်ကို ဆားငံနည်းသည့် မုံးဟင်းခါး/အုန်းနို့ခေါက်ဆွဲ ဟင်းရည်နှင့်စားနိုင်ပါတယ်။